Monday, December 1, 2008

Art in American interwar period

အာမရီပြပွဲ


Armory Show



ပထမကမ္ဘာစစ်ကြိုကာလ၌ အမေရိကသည် တစ်ရှိန်ထိုးတိုးတက်လာသော စက်မှုစွမ်းပကားကြောင့် ကမ္ဘာ့ ဇာတ်ခုံပေါ်၌ အထက်စီးအနေအထားရရှိလာသည်။ သို့သော် ပန်းချီအနုပညာရှင်များအတွက်မူ ထိုကာလသည် စိတ်ပျက်ဖွယ်အမြုံကာလကြီးသားဖြစ်၏။ အာရှ်ကန်ဂိုဏ်း၏သြဇာကိုမည်သူမျှမတွန်းလှန်နိုင်။ အကယ်ဒမီကျောင်းဆင်း အနုပညာရှင်များက ပန်းချီလောကကို လွှမ်းမိုးထားသည်။သူတို့ကိုယ်သူတို့လည်း ပါရီအနုပညာအကယ်ဒမီ ကျောင်းဆင်းများကဲ့သို့ပင် တော်သည်ဟုယူဆထားကြသည်။


သို့သော် သူတို့သဘောမပေါက်သည်မှာ ပါရီ၌ အနုပညာအကယ်ဒမီကျောင်းကြီးသည်အရေးမပါတော့ခြင်းပင်။ ဥရောပ၏ အနုပညာသည်တော်လှန်ရေးတစ်ရပ်ဆင်နွှဲပြီး အရှိန်အဟုန်ပြင်းစွာတိုးတက်ခဲ့ပြီ။ အသစ်ကို ရှာဖွေခဲ့ကြသည်။ ထိုဆန့်ကျင်ဆန္ဒပြမှုကို အမေရိကန်ပန်းချီပညာရှင် ၂၅ယောက်ကဦးဆောင်ခဲ့သည်။ သူတို့အထဲမှ ဥရောပသို့ရောက်ရှိနေသောတချို့တလေက အမေရိကသို့ပြန်လာပြီး ဥရောပအနုပညာလောက၏အခြေအနေကိုပြောပြကြ၏။ သို့နှင့် ထိုအနုပညာသစ်ကို မြင်တွေ့ခံစားနိုင်ရန် ဥရောပမော်ဒန်ပန်းချီပညာကို အမေရိက၌ ပြသခွင့်ရရန်ကြိုးစာခဲ့ကြသည်။


အာမေရီပြပွဲ၊ သို့မဟုတ် အမေရိက၏ ပထမဆုံးအကြိမ်နိုင်ငံတကာမော်ဒန်ပန်းချီပြပွဲကို ၁၉၁၃၊ ဖေဖောဝါရီလ ၁၇ မှ မတ် ၁၅အထိ နယူးယောက်စီးတီးရှိ အမှတ် ၆၉ ခြေလျင်တပ်ရင်း၊ လက်နက်သိုလှောင်ရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုပြပွဲသည် အမေရိကန်၏ ပန်းချီတိုးတက်မှုသမိုင်း၌ အရေးအပါဆုံးပြပွဲကြီးပင်ဖြစ်၏။ ကနဦးတွင် ပြပွဲကြီးကြပ်ရေးကော်မတီက အမေရိကန်ပန်းချီဆရာများ၏ ကားများသက်သက်သာပြရန်စီစဉ်ခဲ့သည်။ သို့သော်ရှစ်ယောက်(The Eight) အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ အာသာဘီဒေးဗီးကို ပြပွဲစီစဉ်ရေး ဥက္ကထအဖြစ်တင်မြှောက်လိုက်သောအခါ မူလအစီအစဉ်များ ပြောင်းလဲသွား၏။ ဒေးဗီးသည် အနုပညာနှင့်ပတ်သက်၍ ကျယ်ပြန့်စွာလက်ခံနိုင်သူ တစ်ဦးဖြစ်သည်။ ပန်းချီအနုပညာ၏ ပြောင်းလဲမှုလမ်းကြောင်းသစ်များကိုလည်း စိတ်ဝင်တစားအားပေးသူဖြစ်၏။ သူသည် ဝေါ့ခန်းနှင့် ဝေါ်လတာလက်တို့၏ အကူအညီဖြင့် ဥရောပမှပန်းချီကားများကို တစ်နှစ်ကျော်ကြာအောင် ငှါးရမ်းစုဆောင်းခဲ့ပြီး အမေရိက၏ အကြီးကျယ်ဆုံးပန်းချီပြပွဲကို ကျင်းပပေးနိုင်ခဲ့သည်။


မာဆယ်ဒူးရှန့်၏ “ကိုယ်လုံးတီးမယ်လှေကားပေါ်မှာဆင်းလာစဉ်” သည်လာရောက်ကြည့်ရှုသူတို့၏ ထိတ်လန့်တကြားဖြစ်စေခဲ့သည်။ထို့အပြင် စေဇန်း၊ ဗန်ဂိုး၊ ဂေါ်ဂင်၊ မားတိစ်၊ ပီကာဆို၊ ဘရက်၊ လီးဂါး စသည်ဖြင့် ပါရမီအနုပညာဂိုဏ်းတစ်ခုလုံးကို ပြသခဲ့သည်။ အင်းဂရစ် နှင့် ဒယ်လာကွား မှစ၍ အင်ပရက်ရှင်းဝါဒီ၊ နှောင်းပိုင်းအင်ပရက်ရှင်းဝါဒီ၊ သင်္ကေတ၀ါဒီ၊ ဖော်ဗီအုပ်စုနှင့် ကုဗ၀ါဒီ များပါမကျန် ဥရောပမော်ဒန်ပန်းချီသမိုင်းဟု တင်ဆိုနိုင်မည့် လက်ရာပေါင်း ၁၆၀၀ ခန့်ကို ပြသနိုင်ခဲ့သည်။ ထိုပန်းချီကားချပ်များသည် အမေရိကန်အစဉ်အလာပန်းချီဆရာအတွက်ကိုသာမက ပြည်သူများအတွက်ပါ သွေးလန့်ချောက်ချားဖွယ် သစ်လွင်နေခဲ့သည်။ မော်ဒန်ပန်းချီသည် အမေရိက၏ နှလုံးသားကို ကိုင်လှုပ်ပစ်ခဲ့၏။


ထိုစဉ်ကအမေရိက၏ စေဇန်းကိုပင်မသိ။ နံရံဆေးရေးပန်းချီဆရာ ကန်ယွန်ကော့စ်က စေဇန်းကို “လုံးဝပါရမီမရှိတဲ့လူ” ဟုဆိုခဲ့ပြီး ဗန်ဂိုးကိုမူ “ဆေးရောင်ကိုတောင်တပြန့်တည်းအထူအပါးညီညီမဆွဲနိုင်ဘူး”ဟု ဝေဖန်ခဲ့၏။ပန်းချီနှင့်ပတ်သက်၍ လူပြိန်းအသိသာ ရှိသည့် သီယိုဒိုးရုစဗဲ့က “ငါ့ရေချိုးခန်းထဲက နာဗာယိုကော်ဇောကိုတောင် ဒီပန်းချီကားတွေထက် ပိုကြိုက်သေးတယ်”ဟု ပြောခဲ့၏။ ထိုပြပွဲ၏ အားနည်းချက်မှာ ပန်းပုကဏ္ဍမစုံလင်ခြင်း ဝေဒနာဝါဒီများ သိပ်မပါဝင်ခြင်းနှင့် အနာဂတ်ဝါဒီများလုံးဝမပါရှိခြင်းတို့ဖြစ်သည်။
သို့သော် ထိုပြပွဲသည် အမေရိကန်ပန်းချီအပေါ် မဖော်ပြနိုင်လောက်အောင် အကျိုးကျေးဇူးပြုခဲ့သည်။ ရှေ့ပြေးပန်းချီဆရာများဖြစ်သည့် စတူးဝပ်ဒေးဗစ်၊ ရေဂျော်ဂျီယာအိုကိဖ်၊ ဂျိုးဇက်စတယ်လာ၊ ဂျွန်မာရင်၊ အာသာဒပ်ဖ်တို့သည် အာမရီပြပွဲကိုကြည့်ပြီး ပို၍ အားတက်လာခဲ့ကြသည်။ သူတို့၏ မော်ဒန်ပန်းချီလက်ရာများကို ပို၍ အားသွန်ခွန်စိုက် ဖန်တီးခဲ့ကြသည်။ သို့သော်လည်း သရုပ်မှန်ပန်းချီ၏ သြဇာခံများဖြစ်သည် အာရှ်ကန်ဂိုဏ်းနှင့် ယင်း၏အမွေခံမျာဖြစ်သည့် အမေရိကန်မြင်ကွင်းပန်းချီနှင့် လူမှုသရုပ်မှန်ဝါဒတို့သည် အမေရိကန်ပန်းချီကို နောင်နှစ်ပေါင်းသုံးဆယ်လောက်အထိ ဆက်လက်စိုးမိုးခဲ့ကြသည်။

No comments: