Sunday, November 16, 2008

Photoshop action များ

photoshop action ဆိုတာ photoshop ရဲ့ effect filter ပုံစံပါ။ plug in လို့လည်းဆိုရမှာပေါ့။ photoshop effect တွေကို ရယ်ဒီမိတ် သုံးချင်သူတွေအတွက် ဒီsite ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီsite ကို CMS's Web Diary က တစ်ဆင့်ရတာပါ။

http://www.visual-blast.com/photoshop/124-free-photoshop-actions/

Monday, November 3, 2008

အက်ဒွပ်ဟော့ပါး


အက်ဒွပ်ဟော့ပါး(Edward Hopper)


ဟော့ပါး၏ အမေရိကန်မြင်ကွင်းပန်းချီကားများသည် ထိတ်လန့်ဖွယ်အမှန်တရားကို ဖော်ပြနိုင်သည်ဟု ဝေဖန်ရေးဆရာမျာကဆို၏။ ဟော့ပါး၏ ကမ္ဘာလောကသည် ကြောက်စရာကောင်းလှ၏။ သူ၏ပန်းချီကားထဲမှလူသားများသည် အထီးကျန်နေ၏။ ပတ်ဝန်းကျင်နှင့်ကင်းကွာနေ၏။ လင်မယားများ၊ စုံတွဲများသည် တစ်ယောက်နှင့်တစ်ယောက်စိမ်းကားလှ၏။ ဟော့ပါးသည် အဇ္ဈတ္တကိုရှာဖွေသူဖြစ်သည်။ သူသည် အဇ္ဈတ္တထဲသို့နက်နက်ရှိုင်းရှိုင်း ခရီးထွက်ခဲ့သူဖြစ်ပြီး သူတွေ့ရှိခဲ့သော ဟာလာဟင်းလင်းဖြစ်မှုကို ကင်းဗတ်စ်ပေါ်၌ အမိအရ ဖမ်းဆုပ်ပြနိုင်ခဲ့သည်။
ဟော့ပါးကို နယူးယောက်ပြည်နယ်၊ ညက်မြို့ ကလေး၌ ၁၈၈၂ တွင်မွေးဖွားခဲ့သည်။ ဖခင်မှာ လူလတ်တန်းစားတစ်ဦးဖြစ်သည်။ ဟော့ပါးက ဖခင်၏ကုန်ခြောက်ဆိုင်တွင်ရံဖန်ရံခါ ၀င်ရောက်ကူညီလေ့ရှိသည်။ ၁၈၉၉ တွင်ဟော့ပါးက ပန်းချီဆရာတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုအခါ မိဘနှစ်ပါးက စီးပွားရေးအရတွက်ခြေကိုက်သော ကြော်ငြာသရုပ်ဖော်ပန်းချီလိုင်းကိုလိုက်ရန် ဖျောင်းဖျခဲ့ကြသည်။ ဟော့ပါးသည် နယူးယောက် ပန်းချီအနုပညာကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ သူ့အပေါ် သြဇာအသက်ရောက်ဆုံး ပန်းချီဆရာမှာ ရောဘတ်ဟင်နရီ ဖြစ်၏။
ဟော့ပါးသည် အထနှေးသူဖြစ်သည်။ သူ၏တိုးတက်မျှုမှာ နှေးကွေးလှသည်။ အနုပညာကျောင်း၌ ၇ နှစ်ခန့် တက်ရောက်ခဲ့သည်။ ထိုခေတ်က လူငယ်ပန်းချီဆရာများကဲ့သို့ပင် ဟော့ပါးသည် ပြင်သစ်သို့သွား၍ သင်ယူဆည်းပူးလိုစိတ် ပြင်းပြခဲ့၏။ ၁၉၀၆၊ အောက်တိုဘာတွင် မိဘ၏ အထောက်အပံ့ဖြင့် ပြင်သစ်သို့ထွက်ခွါသွား၏။ ထိုကာလသည် မော်ဒန်ပန်းချီသမိုင်း၌ အရေးပါသောအချိန်ကာလဖြစ်သော်လည်း ဟော့ပါးအပေါ်တွင်မူ သက်ရောက်မှုများစွာမရှိလှ။
“အဲဒီမှာ ဘယ်သူနဲ့တွေ့ခဲ့သလဲ။ ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး။ ဂါးထရုစတိန်းကိုတော့ ကြားဖူးတယ်။ ပီကာဆိုကိုတော့ ကြားဖူးလားမကြားဖူးဘူးလားတောင် မမှတ်မိဘူး။ ညညဆိုရင် ကဖေးဆိုင်သွားတယ်။ အဲဒီမှာထိုင်ပြီးငေးနေတာပဲ။ ပြဇာတ်ရုံ ကိုတော့သိပ်မသွားဖြစ်ဘူး။ ပါရီဟာ ကျွန်တော့အပေါ် သိပါပြီး ရိုက်ခတ်မှုမရှိခဲ့ဘူး”
သို့သော်သူ့မျက်စိကိုဖမ်းစားခဲ့သည်မှာ ပါရီ၏ အလင်းရောင်ဖြစ်သည်။ အလင်းရောင်ဟာ တခြားကျုပ်သိတဲ့ ဘယ်အရာနဲ့မှမတူဘူး။ အရိပ်တွေတောက်ပနေရဲ့။ တံတားတွေရဲ့အောက်မှာတောင် တောက်ပမှုတစ်စုံတရာရှိနေတယ်။ ဖြစ်နိုင်တာကတော့ အဲဒီမှာ တိမ်တွေနိမ့်နေလို့ပဲ။ တိမ်တွေဟာ အိမ်ခေါင်မိုးတွေရဲ့ အပေါ်လေးမှာပဲ။ ကျုပ်ကတော့ အမြဲတမ်း အလင်းရောင်ကို စိတ်ဝင်စားနေခဲ့တာပါ
တကယ်တော့ အလင်းရောင်သည် ဟော့ပါးပန်းချီကားများ၏ ဇာတ်ဆောင်ပင်ဖြစ်သည်။ သို့သော် ပျော့ပျောင်း လင်းထိန်သောပါရီ၏ အလင်းရောင်မျိုးမဟုတ်။ မြင့်မားသောကောင်းကင်ပေါ်မှ စွေစောင်းကျဆင်းလာသည့် အမေရိကန်၏ သန့်စင်ပြီး စူးရဲတောက်ပသော အလင်းရောင်ဖြစ်၏။ ဥပမာ တနင်္ဂနွေ မနက်စောစောပန်းချီကား ၌ အညှာအတာကင်းမဲ့နေသော ထိုအလင်းရောင်မျိုးကို မြင်တွေ့ရသည်။ ထိုအလင်းရောင်သည် ဟော့ပါး၏ တစ်သက်တာ စိတ်စွဲလမ်းမှုတစ်ရပ် ဖြစ်ခဲ့သည်။ ဟော့ပါး၏ ပန်းချီကားများမှာ သမားရိုးကျ မြင်ကွင်းများသာ ဖြစ်၏။ သို့သော် ထိုသမားရိုးကျမြင်ကွင်းများသည်ပင် ဟော့ပါ၏ဖန်တီးမှုဖြင့် မမေ့နိုင်စရာ မြင်ကွင်းများဖြစ်လာခဲ့သည်။ သူသည် အမေရိက ၏ အနှစ်သာရကင်းမဲ့သည့် စရိုက်လက္ခဏာနှင့် လူးသား၏ ကြေကွဲဖွယ် အထီးကျန်ဆန်မှုတို့ကို တစ်ပြိုင်နက် ဖေါ်ကြူးနိုင်ခဲ့သည်။



၁၉၁၃ တွင် နယူးယောက်၌ ကျင်းပသော အာမရီပြပွဲ၌ သူ၏ပန်းချီကားတစ်ကား ပထမဆုံးအကြိမ်ရောင်းထွက်ခဲ့သည်။ ၁၉၂၀ တွင် တစ်ကိုယ်တော် ပြပွဲ ပြုလုပ်သည်။ ထိုပွဲတွင်တော့ တစ်ကားမှ မရောင်းရ။ ထိုအချိန်တွင် ဟော့ပါး၏ အသက်မှာ ၃၇နှစ် ရှိနေပြီ။ သူ့ကိုယ်သူလည်း ပန်းချီဆရာတစ်ယောက်အဖြစ် အောင်မြင်ပါ့မလားဟု သံသယ ဖြစ်စပြုလာ၏။ အသက်မွေးဝမ်းကျောင်းအနေနှင့် ငွေရလွယ်သော ကြော်ငြာပန်းချီနှင့် ပုံနှိပ်ကားများ ဆွဲနေရဆဲပင်။
ဟော့ပါးသည် ဂရင်းဗစ်ခ်ျရွာ၌ အခြေချခဲ့သည်။ အိမ်နီနားချင်းဖြစ်သူ ဂျိုးနစ်ဗစ်ဆင်နှင့်လက်ထပ်ချိန်၌ သူက ၄၄ နှစ်၊ ဂျိုးက အသက် ၄၀ ရှိနေပြီ။တကယ်တော့ ဟင်နရီ၏ပန်းချီသင်တန်းတက်စဉ်ကတည်းက သူမကို ဟော့ပါးသိနေခဲ့၏။ လက်ထပ်ပြီးချိန်မှစ၍ ဟော့ပါး၏ဘ၀မှာ ပြောင်းလဲလာခဲ့သည်။ ၁၉၂၄ တွင်နယူးယောက်ရှိ ရန်းဂယ်လာရီ၌ ကျင်းပသော သူ၏ ဒုတိယတစ်ကိုယ်တော်ပြပွဲသည် အရောင်းစွံခဲ့၏။ နောက်တစ်နှစ်မှာပင် သူ၏ အကောင်းဆုံးလက်ရာတစ်ခုဖြစ်သော မီးရထားသံလမ်းဘေးက အိမ်ကြီး ကိုဆွဲခဲ့သည်။ ထိုပန်းချီကား၏ အကြောင်းအရာတစ်ခုမှာ ခရီးသွားခြင်း၏ အထီးကျန်မှုဖြစ်သည်။ ထိုအချိန်တွင် ဟော့ပါးကိုယ်၌လည်း အမေရိကအနှံ့ လျှောက်သွားနေချိန်ဖြစ်သည်။ သူက ကားတစ်စီးဝယ်နိုင်လောက်အောင် ချမ်းသာနေပြီးဖြစ်သည်။
ဟော့ပါးသည် အမေရိကန်တို့ မျက်လုံးထောင့်စွန်းမှမြင်ရသော အရာများကိုသာမဟုတ်၊ သူတို့ ခပ်ရေးရေးတွေးမိပြီး ခံစားရသောအကြောင်းအရာများကိုလည်း ရေးဆွဲခဲ့သည်။ ညဉ့်ငှက်များ ၌ မည်းမှောင်သောည၊ အိပ်မပျော်သည့် ရောဂါ၊ အထီးကျန်မှု၊ တိတ်ဆိတ်သောအဖော်နှင့် ထူးဆန်းသောအလင်းရောင် စသည်တို့ကိုရေးဆွဲခဲ့သည်။ ထိုပန်းချီကားများထဲမှ ကြည့်သူနှင့် မျက်နှာချင်းဆိုင်စုံတွဲသည် စိတ်ဝင်စားဖွယ်ကောင်း၏။ ထို့ထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ကြည့်သူကို ကျောပေး၍ ထိုင်နေသူဖြစ်၏။ သူသည် မိမိ၏အဇ္ဈတ္တ အတွင်း၌ ထောင်ချောက်မိနေသော ဟော့ပါး၏ အထီးကျန်ဇာတ်လိုက်ပင်ဖြစ်၏။
ဟော့ပါ၏လူများသည် အမြဲတစေ ငေးနေလေ့ရှိသည်။ မသိနိုင်သော အရပ်ဒေသတစ်ခုဆီသို့ ငေးမောနေပုံမျိုးဖြစ်၏။ စုံတွဲများသည် တစ်ယောက်နှင့် တစ်ယောက် မကြည့်။ အေးစက်လှသည်။ သူတို့၏ စိတ်များမှာလည်းလွင့်မျောနေ၏။ သေချာသည်မှာ အားလုံးသည် အထီးကျန်လူသားများကို ဆလိုက်ထိုးထားသည့်အလား ရှိ၏။ ကိပ်ကော့ မနက်ခင်းတွင် ရိုးရာအိမ်ပုံစံ ၊ သိမ်မွေ့နူးညံ့သော အလင်းရောင် နှင့် အဖော်မဲ့မိန်မကို တစ်ယောက်တစ်နေရာစီးငေးနေသော လင်မယား၊ ခွေးတစ်ကောင်နှင့် ခရမ်းရင့်ရင့်တောအုပ်ကိုဆွဲခဲ့၏။ ပန်းချီကာကြီးထဲမှ အိမ်ကြီး၏ တဲခါးပေါက်အားလုံးမှာ တင်စေ့ပိတ်ထား၏။ လူသားနှစ်ဦးစလုံးမှာအေးစက်တောင့်တင်းလျက်။
ဟော့ပါးသည် သရုပ်မှန်ပန်းချီဆရာတစ်ဦးဖြစ်သည်။ သို့သော် ထိုထက်ပို၏။ သူ၏ပန်းချီကားများသည် ရိုးစင်၏။ ထိုရိုးသားမှုသည်ပင် လှပဆန်းကြယ်သောလျှို့ ၀ှက်မှုဖြစ်လာခဲ့သည်။ ဟော့ပါး၏ အလင်းရောင်သည် မျက်လုံးမှတစ်ဆင့် နှလုံးသားအတွင်းသို့ ၀င်ရောက်လာ၏။ သူရေးဆွဲခဲ့သော တွေ့နေကျဟိုတယ်၊ မိုတယ်၊ မီးရထားလမ်း၊ ဟိုင်းဝေးလမ်းမများ၊ စားသောက်ဆိုင်၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ရုံးများသည် လူသူကင်းသည့် လူသားတို့၏ နာကျင်ကြေကွဲဖွယ်ပြဇာတ်များပင် ဖြစ်ပါသည်။
အောင်ခင်မြင့်  ၏ မော်ဒန်အမေရိကပန်းချီ မှ -